စုတ်ချာချာ အိမ်လေး တခု အတွင်းသို့
ကားတစ်စီး ထိုးဆိုက် လာသည်

ကားသံ ကြားသည်နှင့် တပြိုက်နက်
အိမ်လေး အတွင်းမှ အမယ်အို တဦး
ရွှင်လန်း တက်ကြွသော အပြုံးများဖြင့်
ပြေးထွက် လာသည်

" သမီးတို့ လာကြပြီလား ? "

ကားအတွင်းမှ
ခေတ်မှီ ဖက်ရှင် ဝတ်စုံဖြင့် အရောင် တလက်လက် တောက်ပစွာ
အမျိုးသမီးတစ်ဦး ဆင်းလာပြီး ကားတံခါးကို ဆွဲပိတ် လိုက်သည်

သမီးလေး တယောက် ရှိတာ ..
သူဌေးသားနဲ့ အိမ်ထောင် ကျပြီး
တနှစ်မှာ တခါလောက်သာ အိမ်သို့ ရောက်လာ တတ်သည်

အမယ်အိုက
တယောက်တည်း ဆင်းလာတာ တွေ့တော့ ..
ဇဝေဇဝါဖြင့် ကားအတွင်း လှည့်ပတ် ကြည့်ရှုရင်းက

" ဟင် ... သမက်လေးနဲ့ မြေးတွေကော မပါဘူးလား သမီး "

" မပါဘူး အမေ "

အမျိုးသမီးက ပြောရင်း
အမယ်အို ပခုံးဖက်ကာ အိမ်ပေါ်သို့ လှမ်းတက် လိုက်သည်
အမယ်အို ထိုင်ခုံတွင် ထိုင်ရင်းက

" ဘာလို့ ခေါ်မလာတာလဲ သမီးရယ်
အမေမှာ မြေးလေးတွေကို တွေချင် လွန်း ... "

" သူတို့က မလိုက်ချင်ဘူး တဲ့လေ "

အမယ်အို စကား မဆုံးခင်
အမျိုးသမီးက ဖြတ်ပြော လိုက်သည်
ပြီးတော့

" အဖေကော ...? "

" သမီးအဖေ ... ဒီနားက လက်ဖက်ရည်ဆိုင် ခဏ သွားတယ်
တော်ကြာ ပြန်လာမှာပါ .. ''

အမျိုးသမီးက စိတ်ရှုပ်စွာဖြင့်

" အဲ့ဒါ အဖေတို့ ခက်တာပဲ ...
သမီး လာကန်တော့မယ် သိရဲ့သားနဲ့ အိမ်မှာ မနေဘူး "

" မဟုတ်ပါဘူး သမီးရယ် ..
သမီးတို့က ဘယ်အချိန် လာမယ်မှန်း မသိတော့ ..
လက်ဖက်ရည် သောက်ချင်တာနဲ့ ထွက်သွားတာပါ
မကြာပါဘူး သမီးရဲ့ "

" အာ့ဆိုလည်း .. အမေ့ကို ကန်တော့ခဲ့ လိုက်တော့မယ် ..
သမီး အချိန် သိပ်မရလို့ "

" ဟင် "

သမီးဖြစ်သူ၏ စကားကြောင့်
အမယ်အို မျက်ဝန်းမှ မျက်ရည် တပေါက် အလိုလို ပေါက်ကနဲ ကျသွားသည်

" သမီးရယ် တနှစ်မှာ တခါလောက် တွေ့ရတာကို
အေးအေး ဆေးဆေး နေပြီးမှ ပြန်ပါလား သမီးရယ် "

" အေးဆေး နေလို့ မရဘူး အမေ
အမေ့တို့ထက် အရေးကြီးတဲ့ လူကြီးတွေကို ကန်တော့ဖို့ ရှိသေးတယ် "

( ဪ.. မိဘထက် အရေးကြီးတဲ့ သူတွေ ရှိသေးလား သမီးရယ် )

အမယ်အိုက စိတ်ထဲကသာ ရေရွတ်ရင်း
ပြင်ပမှာတော့ ..

" ဪ အေးအေး .. ဟုတ်တာပေါ့ကွယ် ..
သမက်လေးရဲ့ အထက်အရာရှိတွေ ကန်တော့ရအုံး မှာကို
အေးအေး .. အာ့ဆိုလည်း အမေ့ပဲ ကန်တော့သွားလေ ..
သမီးအဖေ လာရင် အမေ ကြည့်ပြောလိုက် ပါ့မယ် "

အမျိုးသမီးက
ပိုက်ဆံအိတ် အတွင်းမှ တသိန်းအုပ် တအုပ်ကို ထုတ်လိုက်ကာ ..

" ရော့ .. အမေ .. အမေတို့အနေနဲ့ ငွေပဲ လိုမယ် ထင်ပြီး .. သမီး ငွေတသိန်းပဲ ကန်တော့လိုက် ပါတယ် "

(သမီးရယ် အမေတို့ လိုတာ ငွေမဟုတ်ပါဘူး .. သမီးတို့ မြေးတို့ရဲ့ အကြင်နာ မေတ္တာ လေးတွေပါ ကွယ် )
အမယ်အို စိတ်ထဲက ပြောကာ .. ကျလုဆဲဆဲ မျက်ရည်ကို ပြန်လည် ထိန်းချုပ်ရင်း

" အေးအေး ... သာဓု သာဓု သာဓု
အမေ့သမီးလေး ဘုန်းကြီးလို့ အသက်ရှည် အနာမျိုး ကိုးဆယ့်ခြောက်ပါး ကင်းဝေးပါစေကွယ် "

" အာ့ဆို .. သမီး ပြန်တော့မယ်နော် အမေ
အဖလာရင်လည်း ပြောလိုက်ပါ .. သမီး လာသွားတယ် လို့ "

" အေးပါကွယ် .. အမေ ပြောလိုက်ပါ့မယ် "

သမီးဖြစ်သူက
နေရာမှ ထ ကာ .. ကားဆီသို့ ပြန်သွားရင်း
ကားကို ' ဝူး ' ကနဲ မောင်းထွက် ထွက်လိုက်စဉ် ...

" ဟ ဟ "

ခြံအတွင်းကို တုတ်ကောက် တချာင်းဖြင့် ဝင်လာသော ဦးလေးကြီး တဦးကို ပွတ်ကာ သီးကာဖြင့် မောင်းထွက် သွားပါတော့သည်

" ဟ ... ဒီကား ဘာလဲဟ .. အတင်းကို မောင်းထွက်တာပဲ .. ကံကောင်းလို့ကွာ .. "

ဦးလေးကြီးက မကျေမချမ်းဖြင့် ပြောဆိုရင်း အိမ်ထဲ လှမ်းဝင် လာတော့ ..
အမယ်အိုက ဆီးပြောလိုက်သည်

" တော့် သမီး ခုလေးတင် ပြန်သွားပြီ ဖေကြီးရေ "

" ဟေ "

အမယ်အို၏ စကားအဆုံး
ဦးလေးကြီးက .. ခြံဝကို လှမ်းကြည့်ရင်း ..
" ဟငးး "ကနဲ သက်ပြင်းကို ချကာ ခေါင်းကိုသာ တွင်တွင် ခါရမ်းလိုက် ပါတော့သည်
----------------------------------------------------------

ဆိုးမိုက် ရမ်းကားနေတဲ့ သားသမီးကိုမှ
" သားမိုက် သမီးမိုက် " ဟု ခေါ်သည် မဟုတ် ၊
မိဘကို မိဘလို မသိတတ်သော သူကိုလည်း
" သားမိုက် သမီးမိုက် " ဟု ခေါ်ပါသည် .... ။

မေတ္တာ များစွာဖြင့်
လူချွန်တော် ... ရေးသားသည်